International News

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် တင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက် ကနေဒါသည် အိန္ဒိယကုန်သွယ်ရေးခရီးစဉ်ကို ရွှေ့ဆိုင်း

Last Updated:

ကနေဒါနိုင်ငံသည် လာမည့်အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော ကုန်သွယ်ရေးခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ အဆိုပါကုန်သွယ်ရေးခရီးစဉ်ကို ရွှေ့ဆိုင်းမည့်ကိစ္စအပေါ် ကနေဒါကုန်သွယ်ရေးဝန်ကြီး Mary Ng ၏ပြောရေးဆိုခွင့်ရှိသူက ယခုလ(၁၅)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။“အိန္ဒိယနိုင်ငံကို မကြာမီလာရောက်ရန်ရှိတဲ့ ကုန်သွယ်ရေးခရီးစဉ်ကို ကျွန်မတို့ လောလောဆယ်ရွှေ့ဆိုင်းထားပါတယ်။” ဟု ပြောရေးဆိုခွင့်ရှိသူ Shanti Cosentino က ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi သည် နယူးဒေလီမြို့တော်တွင် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် ကနေဒါဝန်ကြီးချုပ် Justin Trudeau ကို လူသိရှင်ကြားပြစ်တင်ပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပိုမိုတင်းမာလာစေပါသည်။ အိန္ဒိယဝန်ကြီးချုပ်သည် Trudeau နှင့် အတိုချုံးအလွတ်သဘောတွေ့ဆုံမှုကိုသာခွင့်ပြုခဲ့ပြီး တရားဝင်နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ကနေဒါနိုင်ငံတွင် တစ်နေ့တစ်ခြားတိုးတက်ကြီးထွားလာသော ဆစ်ခ်မျိုးနွယ်စုအသိုက်အဝန်းအပေါ် အိန္ဒိယဖက်မှ တင်းမာမှုများဆက်လက်ဖြစ်ပေါ်နေချိန်၌ ယခုထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်၏ အပြင်ဘက်တွင် ဆစ်ခ်လူမျိုးစုအများအပြား နေထိုင်လျက်ရှိကြပြီး၊ ကနေဒါနိုင်ငံသည် ဆစ်ခ်ခွဲထွက်ရေးဝါဒကို မြှင့်တင်လျက်ရှိကာ ၎င်း၌ဖြစ်ပေါ်လျက်ရှိသော အိန္ဒိယဆန့်ကျင်ရေးဆန္ဒပြမှုများနှင့် လှုပ်ရှားမှုများကို ရပ်တန့်ဖို့ လုံလောက်အောင် ဆောင်ရွက်ခြင်းမရှိဘူးဟု အိန္ဒိယအရာရှိများက စွပ်စွဲထားသည်။ “သူတို့က ခွဲထွက်ရေးကို အားပေးအားမြှောက်ပြုတယ်၊ ပြီးတော့ အိန္ဒိယသံတမန်တွေကို အကြမ်းဖက်ဖို့ သွေးထိုးတယ်၊ သံတမန်အဆောက်အဦးတွေကို ထိခိုက်စေပြီး ကနေဒါနိုင်ငံရှိ အိန္ဒိယအသိုက်အဝန်းနှင့် ၎င်းတို့ရဲ့ကိုးကွယ်ရာနေရာများအပေါ်ခြိမ်းခြောက်မှုဖြစ်စေတယ်။”ဟု အိန္ဒိယအစိုးရက ခေါင်းဆောင် များတွေ့ဆုံဆွေးနွေးပွဲအပြီး၌ ကနေဒါနိုင်ငံအပေါ် ပြစ်တင်ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံတွင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော ဆစ်ခ်လူမျိုးစုဆန္ဒပြပွဲများအတွင်း ယခင် အိန္ဒိယဝန်ကြီးချုပ်အိဒြာဂန္ဓီ(Indira Gandhi)လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရုပ်သံဖိုင်တစ်ခုပျံ့နှံ့ခဲ့သည့်အပေါ် အိန္ဒိယဖက်က စိုးရိမ်မကင်းဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များကဖြစ်ပွားခဲ့သော ခါလစ်စတန်(Khalistan)ခွဲထွက်ရေးလှုပ်ရှားမှုနှင့်ဆက်စပ်နေကြောင်း သိရသည်။

ယခုလအစောပိုင်းတွင် ကနေဒါ-အိန္ဒိယလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများကို ခေတ္တရပ်နားထားကြောင်း နှစ်နိုင်ငံစလုံးက ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းမတိုင်မီ လွန်ခဲ့သည့်လေးလကပင် ယခုနှစ်တွင် ကနဦးကုန်သွယ်မှုသဘောတူညီချက်ကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း နှစ်ဖက်စလုံးက ထုတ်ဖေါ်ပြောကြားခဲ့ကြသည်။

သုံးသပ်တင်ပြချက်

ယခုရွှေ့ဆိုင်းလိုက်သော ကုန်သွယ်ရေးခရီးစဉ်သည် ယိုယွင်းလာလျက်ရှိသည့် ကနေဒါနှင့် အိန္ဒိယအကြားဆက်ဆံရေးကို ထင်ဟပ်ပြသသည့် နောက်ဆုံးလက္ခဏာရပ်တစ်ခုဖြစ်ပါသည်။ တစ်ဖက်တွင် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ တိုးတက်လာချိန်၌ ဆစ်ခ်လူမျိုးစုပြဿနာအပေါ် ကနေဒါ၏ ကိုင်တွယ်ဖြေရှင်းမှုနှင့်စပ်လျဉ်း၍ နိုင်ငံရေးတင်းမာမှုများကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးပွဲများကို ရပ်တန့်စေခဲ့ပြီး၊ မကြာသေးမီက ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယမှ ကနေဒါအပေါ် ရှုတ်ချပြောဆိုသည် အထိ တင်းမာမှုများဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရပါသည်။

မူလက အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်တွင်နေထိုင်ခဲ့သော ဆစ်ခ်လူမျိုးစုအများစုသည် လွန်ခဲ့သော နှစ်ပေါင်း(၁)ရာကျော်ခန့်ကပင် ရေကြည်ရာမြက်နုရာရှာရင်း ပြည်တွင်းနှင့် နိုင်ငံရပ်ခြားဒေသအရပ်ရပ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြကြောင်း သိရပါသည်။ ကနေဒါနိုင်ငံအပါအဝင် အာဖကန်နစ္စတန်၊ ဩစတေးလျ၊ နယူးဇီလန်နှင့် အင်္ဂလန်စသည့်နိုင်ငံတို့သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသော ဆစ်ခ်လူမျိုးစုစုစုပေါင်း ၇ ဒသမ ၇၁ သိန်းတွင် ၂ ဒသမ ၃၆ သိန်း(၃၀ ရာခိုင် နှုန်း)သည် ကနေဒါ ပြည်ဖွားများဖြစ်ကာ ၄ ဒသမ ၁၅ သိန်းသည် ရွှေ့ပြောင်းနေထိုင်သူများ(အမြဲတမ်းနေထိုင်သူများ)ဖြစ်ပြီး၊ ၁ ဒသမ ၁၉ သိန်းသည် အမြဲတမ်းနေထိုင်သူများမဟုတ်ကြောင်း ၂၀၂၁ ခုနှစ်က ကနေဒါစာရင်းအင်းဌာနက ထုတ်ပြန်သောစာရင်းများကို ကိုးကား၍ The Times of India သတင်းဌာနက ဖော်ပြထားသည်။

ကနေဒါနိုင်ငံအနေဖြင့် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာဆန္ဒပြခွင့်စသည့် အခြေခံလူ့အခွင့်အရေးများအပေါ် ကာကွယ်ပြောဆိုခဲ့ပြီး၊ ဆန္ဒပြမှုအနည်းငယ်က ဆစ်ခ်လူမျိုးစုအားလုံးနှင့် ကနေဒါနိုင်ငံကို ကိုယ်စားပြုခြင်းမရှိဟု ခုခံပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာထိပါးနိုင်သည့်ကိစ္စအပေါ် စိုးရိမ်မကင်းဖြစ်လျက်ရှိသည်ဟု ယူဆရပါသည်။ သို့ပါ၍ အိန္ဒိယနိုင်ငံနှင့် ကနေဒါနိုင်ငံတို့အကြား လတ်တလောတင်းမာလျက်ရှိသည့် နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေက စီးပွားရေးလုပ်ဆောင်ချက်များအပေါ် များစွာသက်ရောက်လျက်ရှိသည်ကို သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

Reuters သတင်းဌာန၊ “Canada trade minister is postponing a planned trade mission to India”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့။

Aljazeera သတင်းဌာန၊ “Canada hits pause on trade mission to India after tensions at G20 summit”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့။

The Times of India သတင်းဌာန၊ “Out of 7.7 lakh Sikhs in Canada, 30% are citizens by birth” ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့(

Category: International News